BNRAတပ်ဖွဲ့ဝင် ၃၀ ကျော်ကို NUG တပ်ရင်းများ ဖမ်းဆီး၊ တိုက်ပွဲအတွင်း BNRA ရဲဘော် ၁၀ ဦး သေဆုံး
BNRAတပ်ဖွဲ့ဝင် ၃၀ ကျော်ကို NUG တပ်ရင်းများ ဖမ်းဆီး၊ တိုက်ပွဲအတွင်း BNRA ရဲဘော် ၁၀ ဦး သေဆုံး

ADN သတင်း ၁၈၊၀၂၊၂၀၂၆
ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း BNRA တပ်စခန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) MOD လက်အောက်ခံ PDF တပ်ရင်းများမှ အင်အား ထောင်ကျော်ဖြင့် လက်နက်ကြီးများနှင့် ဒရုန်းများ အသုံးပြု၍ စီးနင်းတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲအတွင်း BNRA တပ်ဖွဲ့ဝင် ၃၀ ကျော်ကို ဖမ်းဆီးရမိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှ တပ်သားတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
BNRA ဥက္ကဌ ဗိုလ်နဂါးက တိုက်ပွဲအတွင်း BNRA ရဲဘော် ၁၀ ဦး သေဆုံးကြောင်း အတည်ပြုပြောကြားပြီး “တော်လှန်ရေးတာဝန်ကို မိသားစုအတွက် ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်များ အသက်ဆုံးရှုံးလိုက်ရသည်” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
NUG တပ်ရင်းများက BNRA တပ်စခန်းများကို တိုက်ခိုက်သည့်အပြင် ရဲဘော်များ၏ မိသားစုဝင်များကိုပါ ဖမ်းဆီးနေကြောင်း သတင်းထွက်ပေါ်နေပြီး ဗိုလ်နဂါးက မိသားစုဝင်များကို ဖမ်းဆီးခြင်းသည် တရားမမှန်ကြောင်း သတိပေးထားသည်။
ထိုအပြင် Generation Z Army (GZA) ကလည်း NUG တပ်များ BNRA ကို တိုက်ခိုက်မှု ချက်ချင်းရပ်တန့်ရန် သတိပေးထုတ်ပြန်ထားပြီး NUG တပ်များသည် စစ်ကောင်စီကို တိုက်ခိုက်သည့်အင်အားထက် ပိုမိုများပြားသော အင်အားဖြင့် BNRA ကို ဝိုင်းရံတိုက်ခိုက်နေကြောင်း ထောက်ပြခဲ့သည်။
NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး ဦးကျော်နီက BNRA တပ်စခန်းများကို တိုက်ခိုက်ရခြင်းမှာ “ပြည်သူကို ဖိနှိပ်ခြင်း၊ အခွန်ကောက်ခံခြင်း၊ ပြည်သူ့ဝန်ထမ်းများ ဖမ်းဆီးခြင်းနှင့်
မကြာသေးခင်က NUG ရဲဘော်တစ်ဦးကို ပစ်သတ်ခဲ့မှု” စသည့် အမှုများကြောင့် အောက်ခြေက တိုင်တန်းလာပြီး အရေးယူရန် ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
ယင်းမာပင်ခရိုင်တွင် NUG တပ်ရင်း ၃၀ ကျော်ရှိပြီး BNRA တပ်စခန်းများကို အင်အား ထောင်ကျော်ဖြင့် ဝိုင်းရံထားဆဲဖြစ်ကြောင်း သိရသည်။ BNRA နှင့် NUG တပ်များကြား တင်းမာမှုသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ဆက်လက်ရှိနေသည်။
#မြန်မာ #တော်လှန်ရေး #အမျိုးသားညီညွတ်ရေးအစိုးရ #BNRA #PDF #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ယင်းမာပင် #GenerationZArmy #လူ့အခွင့်အရေး #ပြည်သူ့အသံ #ADNNews
