
ဓာတ်ပုံ – နိုင်ငံခြားရေးဝန်ကြီးဌာန
တရားမဝင်ဝင်ရောက်မှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုတို့ကို တားဆီးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ရပ်တည်ပြောဆို
ADN | ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
နေပြည်တော် — မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲသို့ မြန်မာဘက်မှ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် အိန္ဒိယဘက်မှ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်တို့ တက်ရောက်ခဲ့ကြသည်။
နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် အိန္ဒိယဗဟိုအစိုးရသည် ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် ထိစပ်နေသည့် နယ်စပ်တစ်လျှောက် ၅၁၀ ကီလိုမီတာရှည်လျားသော နှစ်နိုင်ငံနယ်စပ်၌ ခြံစည်းရိုးခတ်ရန် စီစဉ်လျက်ရှိသည်။
သို့သော်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma ဦးဆောင်သည့် ဝန်ကြီးများကောင်စီနှင့် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) တို့က အဆိုပါ ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ကာလရှည်ကြာစွာ ကန့်ကွက်လျက်ရှိသည်။ ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်က နယူးဒေလီမြို့တွင် အိန္ဒိယပြည်ထဲရေးအတွင်းဝန် Govind Mohan နှင့် တွေ့ဆုံစဉ်ကလည်း အလားတူ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
ခြံစည်းရိုးခတ်လိုက်ပါက နယ်စပ်တစ်ဖက်တစ်ချက်စီတွင် နေထိုင်သည့် မီဇိုးမျိုးနွယ်စုဝင်များ ကွဲကွာသွားနိုင်ကြောင်း ကန့်ကွက်သူများက ပြောဆိုသည်။
အိန္ဒိယဗဟိုအစိုးရဘက်ကမူ နယ်စပ်ခြံစည်းရိုးခတ်ခြင်းသည် တရားမဝင်ဝင်ရောက်မှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုတို့ကို တားဆီးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ရပ်တည်ပြောဆိုလျက်ရှိသည်။
ကန့်ကွက်မှုများကို လျစ်လျူရှုကာ ဇန်နဝါရီ ၂၈ ရက်မှ စတင်ကာ မီဇိုရမ်-ချင်းနယ်စပ်၊ တီအိုချောင်းအနီးရှိ Thingsai ကျေးရွာဝန်းကျင်တွင် အိန္ဒိယအစိုးရ၏ နယ်စပ်လမ်းအဖွဲ့အစည်း (BRO) နှင့် အာသန်ရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့ဝင်များက ငါးရက်ကြာ ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရေး အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်သည်။
#ADN #မြန်မာ_အိန္ဒိယ_နယ်စပ် #နယ်စပ်ခြံစည်းရိုး #နေပြည်တော်
