ရခိုင်မျိုးနွယ်စု လက်နက်ကိုင် JSS တပ်ဖွဲ့ နှင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွား၊ JSS အဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရ— မတရားလှုပ်ရှားမှု စွပ်စွဲချက်များ ပေါ်လွင်

အာရကန်နေ့စဥ်သတင်း ၂၄၊၀၂၊၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် Jana Sanghati Samity (JSS) လက်နက်ကိုင်တပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
တိုက်ပွဲသည် ဘန်ဒေါရ်ဘန်ခရိုင် Rowangchhari ဒေသအနီး မူရန်ဘဇားတွင် ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်တပ်က ဒေသတွင် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်စဉ် JSS တပ်ဖွဲ့ဝင်များက ကင်းလှည့်အဖွဲ့ကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်တပ်ကလည်း လိုက်လံ တုံ့ပြန်ပစ်ခတ်ရာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး JSS တပ်ဖွဲ့ဝင်များသည် ကျောင်းစာသင်ခန်းတစ်ခုတွင် ခိုလှုံရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်း ထွက်ပြေးသွားကြောင်း ISPR သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားရာနေရာတွင် လက်နက်များနှင့် ကျည်ဆန်များအတူ JSS အဖွဲ့ဝင် လှမောင်နု မာရမာကို စစ်တပ်က ဖမ်းဆီးရမိခဲ့ပြီး ထိုသူကို ဘန်ဒေါရ်ဘန်ခရိုင်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက AK‑47 သေနတ် ၁ လက်၊ SMG ကျည်ဆန် ၁၄၃ တောင့်၊ ပစ္စတိုကျည်ဆန် ၁၄ တောင့်၊ အခြားကျည်ဆန် ၅ တောင့်နှင့် လက်နက်အိတ် ၂ ခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
JSS သည် စစ်တကောင်းတောင်တန်းဒေသရှိ လူမျိုးစုအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့တစ်ခုဖြစ်သော်လည်း မတရားလှုပ်ရှားမှုများနှင့် ဆက်စပ်ကြောင်း အစိုးရအဖွဲ့အစည်းများမှ အကြိမ်ကြိမ် စွပ်စွဲခံထားရသည်။
၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်း မီဇိုရမ် District & Sessions Court မှတ်တမ်းများတွင် JSS (PCJSS) နှင့် ဆက်နွယ်သူများဟု ယူဆရသည့် Chakma လူမျိုး ၁၁ ဦးကို မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုအမှုများဖြင့် NDPS Act အောက်တွင် ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။
အဆိုပါ ကွင်းဆက်သည် Khagrachari နှင့် Rangamati ဒေသများမှ စတင်ပြီး Mizoram သို့ ဝင်ရောက်သည့် ကုန်ကြမ်းလမ်းကြောင်းတစ်ခုဖြစ်ကြောင်း အာဏာပိုင်များက သံသယပြုထားသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ် စစ်တပ်က JSS အဖွဲ့ဝင် Aunghla Pru Marma ကို လက်နက်ကိုင်ခြင်း၊ ငွေကြေးညှဉ်းပန်းခြင်းနှင့် လူပျောက်ကိစ္စများတွင် ပါဝင်ကြောင်း ၂၀၂၅ ခုနှစ်တွင် ဖမ်းဆီးခဲ့ကြောင်း တရားဝင်မှတ်တမ်းများတွင် ဖော်ပြထားသည်။
ဒေသခံများအဆိုအရ JSS ၏ လက်နက်ကိုင်လှုပ်ရှားမှုအပြင် မူးယစ်ဆေးဝါး ကွင်းဆက်များနှင့် Extortion လုပ်ငန်းများတွင်ပါဝင်နေကြောင်း သံသယများလည်း တိုးလာနေသည်။
JSS သည် ၁၉၇၂ ခုနှစ်တွင် Manabendra Narayan Larma က တည်ထောင်ခဲ့ပြီး Chakma၊ Marma၊ Tripura အပါအဝင် မျိုးနွယ်စု ၁၁ ခု၏ လူမျိုးစုလက္ခဏာ ထိန်းသိမ်းရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးကို ရည်ရွယ်ထားသည့် နိုင်ငံရေးအဖွဲ့တစ်ခုဖြစ်သည်။
