ထားဝယ်မြို့နယ်တွင် တော်လှန်ရေးတပ်များ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံး၊ ၁၁ ဦး ဖမ်းဆီးခံရ

AND 18.02.2026
ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များမှ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲသည် မောင်မယ်ရှောင်ကျေးရွာရှိ GTC တပ်စခန်း နှင့် ဘုရားမဲစစ်ဆေးရေးဂိတ် တို့တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံး၊ ၁၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း DNLA မှ အတည်ပြုသည်။
DNLA ၏ ဒူရကစစ်ကြောင်း တာဝန်ရှိသူက “GTC တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဘုရားမဲစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီကူတပ်ကြောင်း ရောက်လာသဖြင့် ပြန်ဆုတ်ခဲ့ရသည်” ဟု Western News သို့ ပြောကြားခဲ့သည်။
ထိုအချိန်တွင် စစ်ကောင်စီကူတပ်ကြောင်းကိုလည်း တော်လှန်ရေးဘက်မှ လမ်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထားဝယ်မြို့လုံခြုံရေး ဦးဆောင်နေသူ ဗိုလ်မှူးအေးလွင်အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်။
တိုက်ပွဲအပြီးတွင် စစ်ကောင်စီထံမှ G3 သေနတ် ၁၃ လက်၊ G4 ၂ လက်၊ AK47 ၁ လက်၊ Type 81 စက်လက် ၁ လက်၊ MA5 ၁ လက် အပါအဝင် လက်နက်၊ ကျည်ဆံများနှင့် ဆက်စပ်ပစ္စည်းများ အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း DNLA မှ ထပ်မံဖော်ပြခဲ့သည်။
ဤတိုက်ခိုက်မှုကို DNLA ၏ ဒူရကစစ်ကြောင်းနှင့် DGRF (ထားဝယ်–ပကဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုမတိုင်မီ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင်လည်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ရဲစခန်းကို တော်လှန်ရေးတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို အလုံးစုံ သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်ကောင်စီနှင့် ရဲတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိထားသည်။
#ADNNews #Tavoy #Tanintharyi #MyanmarCrisis #Revolution #DNLA #Resistance #BreakingNews #CivilWar #MilitaryCouncil
