ဘူးသီးတောင်မှာ ရိုဟင်ဂျာလူငယ်တစ်ဦးကို AA က မတရားဖမ်းဆီးချုပ်နှောင်ခံရ

Photo – AI Generated
AND ၁၄ မတ် ၂၀၂၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ဒေသခံ ရိုဟင်ဂျာတိုင်းရင်းသား လူငယ်တစ်ဦးကို ရခိုင် လက်နက်ကိုင် AA သောင်းကျန်းသူတွေ (အိမ်နီးချင်း နိုင်ငံ နှင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မူးယစ်ဆေးဝါးတင်ပိုးရောင်းချမှုဖြင့် နာမည်ကျော်ကြားသည့်) က မတ်လ (၇) ရက်နေ့က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများမှ သတင်းရရှိထားပါတယ်။
ဖြစ်စဉ်မှာ မတ်လ (၇) ရက်နေ့ မနက် ၁၀ နာရီခန့်မှာ လက်နက်ခဲယမ်းအပြည့်အစုံ တပ်ဆင်ထားတဲ့ AA သောင်းကျန်းသူတွေက နာဆာရ်ဖါရာ ကျေးရွာ၊ အထွက်ခက်သည်ကျေးရွာအုပ်စုထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး ဒေသခံ ရိုဟင်ဂျာတိုင်းရင်းသား လူငယ်တစ်ဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ဦးအာလီဟူဆိန်း၏ သား မောင် အာလီဘုတ်ထိုး ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေတွေက AIN ကို အတည်ပြုခဲ့ကြောင်း သိရပါတယ်။
ထိုသို့ အပြစ်မရှိတဲ့ ဒေသခံ ရိုဟင်ဂျာတိုင်းရင်းသား လူငယ်တစ်ဦးကို ဖမ်းဆီးရခြင်း၏ နောက်ကွယ်က အကြောင်းပြချက် တစ်စုံတစ်ရာကို AA သောင်းကျန်းသူတွေဘက်က ထုတ်ပြန်ပြောဆိုထားခြင်းမရှိတာကြောင့် ဒေသခံ ရိုဟင်ဂျာရွာသားတွေကြား ထိတ်လန့်စိုးရိမ်နေကြောင်း သိရပါတယ်။
ထို့ပြင် AA သောင်းကျန်းသူတွေ ဖမ်းဆီးချုပ်နှောင်ထားသော ရိုဟင်ဂျာ လူငယ်လေးကို မည်သည့်နေရာမှာ ချုပ်နှောင်ထားသလဲ၊ လက်ရှိ သူ့အခြေအနေက ဘယ်လိုရှိသလဲ သတင်းအစအန မသိရသေးတာကြောင့် မိသားစုနှင့် ရွာသားတွေက စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိထားပါသည်။
မကြာသေးမီက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ Arakan Army သောင်းကျန်းသူတွေနှင့် ရိုဟင်ဂျာအရပ်သားများအကြား ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်များ၏ နောက်ဆက်တွဲအနေဖြင့် ယခုအခါ ဖမ်းဆီးခံရမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ အဆိုပါဒေသကို AA သောင်းကျန်းသူတွေက ထိန်းချုပ်ထားပြီး ၎င်းတို့၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆောင်ရွက်ချက်များကြောင့် ဒေသခံများအကြား လုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လျက်ရှိသည်။
သတင်းမှတ်တမ်းတင်ချိန်အထိ AA သောင်းကျန်းသူတွေ၏ ကိုယ်စားလှယ်များထံ မှတ်ချက်ပေးရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရရှိသေးကြောင်း၊ ယင်းအခြေအနေများကြားတွင် ဘူးသီးတောင်မြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် နောက်ထပ်သတင်းအချက်အလက်များကို စောင့်ဆိုင်းနေကြရသည့်အတွက် တင်းမာမှုအခြေအနေများ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု AIN သတင်းဌာနတွင် ဖော်ပြထားပါတယ်။
ထို့ပြင် Arakan Army သောင်းကျန်းသူတွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အပါအဝင် လူမျိုးပေါင်းစုံကို အကာအကွယ်ပေးတယ်ဟု ကြေညာထားသော်လည်း လက်တွေ့မြေပြင်က ရရှိထားတဲ့ သတင်းတွေနဲ့ ကွဲလွဲနေပါတယ်။
Arakan Army သောင်းကျန်းသူတွေကလည်း တော်လှန်ရေးနဲ့ မတူပဲ ရိုဟင်ဂျာလူမျိုးအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် မြန်မာစစ်တပ်၏ ခြေရာအတိုင်းသာ လျှောက်နေကြောင်း နိုင်ငံတကာက လူ့အခွင့်အရေး လေ့လာသူတွေက ပြောဆိုနေကြပါတယ်။
